Wednesday, November 14, 2007

ဆရာမြသန်းတင့်၊ မြသီနှင့် စစ်မှန်သောလုံခြုံရာသို့

line

(က)

၁၉၉၃ ခုနှစ် မေလ (၁၉) ရက်နေ့ ...။

အင်္ဂလန်နိုင်ငံ အောက်စဖိုဒ်တက္ကသိုလ်၌ အဌမမြောက် “ဂျွိုက်စ်ပီအာစ်” အထိမ်းအမှတ် ဟောပြောပွဲ တခုအား ကျင်းပခဲ့သည်။ မစ္စပီအာစ်က သူမဘ၀ရှိ အချိန်များစွာနှင့် သူမ၏ စွမ်းဆောင်ရည်ရှိသမျှ
အား ဒုက္ခသည်များအတွက်သာ ဆောင်ရွက်ခဲ့သည်။ လူမှုရေးလုပ်ငန်းများအတွင်း “ဂျွိုက်စ်ပီအာစ်” သည် ဘ၀အား မြုပ်နှံထားသူ။ ဟောပြောပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အားဖိတ်သည်။ ဒေါ်အောင် ဆန်းစုကြည်က မတက်ရောက်နိုင်။ ထိုစဉ်က ဒေါ်စုသည် စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းထားခြင်း
အား နေအိမ်၌ ခံနေရသည်။ သို့နှင့် ဒေါ်စုမှ ဟောပြောပွဲသို့ စာတမ်းတစောင် ရေးသား၍ ပေးပို့ခဲ့
သည်။ ဒေါ်စု၏ စာတမ်းအား သူမကိုယ်စား ခင်ပွန်းသည်က ဖတ်ကြားခဲ့သည်။

“Refugee ဟူသော အသုံးအနှုန်းကို မြန်မာပြန်လိုက်သောအခါ ဒုက္ခသည် တနည်းအားဖြင့် ဒုက္ခ ခံစားနေရသူဟု အဓိပ္ပာယ်ပေါက်ပါသည်။ ဤသဘောအတိုင်းသာဆိုပါက ဒုက္ခသည်ဘ၀ကို ကျမတို့အားလုံးမလွဲမသွေ သိရှိရမည်ဖြစ်ပါသည်။ ဘ၀ရပ်တည်မှု၏ အနှစ်သာရတန်ဖိုးကိုပေးသော လုံခြုံမှုနှင့် ကိုယ်စိတ်နှစ်ဖြာချမ်းသာမှုတို့ကို ချိုးဖဲ့ဖျက်ဆီးသည့် အင်အားစုများ၏ဘေးရန်မှ
ကင်းဝေးလုံခြုံရေးကို ရှာဖွေနေကြသောသူများသည် ဒုက္ခသည်များပင် ဖြစ်ကြပါသည်”

စာတမ်း၏နိဒါန်းကို ဤသို့ ဒုက္ခသည်အဓိပ္ပာယ်အား ဖွင့်ဆို၍ရေး၏။ စာတမ်း၏အမည်ကား “စစ်မှန်သော လုံခြုံရာသို့”

(ခ)

ဆရာမြသန်းတင့်၏ ပထမဆုံးရေးသော ၀တ္ထုတိုက “ ဒုက္ခသည်” ဖြစ်သည်။ မြသန်းအမည်နှင့် ရေးခဲ့ခြင်းဖြစ်သည်။ ၁၉၄၉ ခုနှစ်ထုတ် တာရာမဂ္ဂဇင်း အတွဲ (၃) အမှတ် (၂၁) တွင်ဖော်ပြပါရှိ
ခဲ့သည်။

ပြည်တွင်းစစ်က လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာ၏။ နေရာမရွေး။ မြန်မာပြည်အနှံ့ ပြည်တွင်း စစ်မီးက တောက်လောင်တော့သည်။ အစိုးရက ရန်ကုန်တ၀ိုက်ကိုသာ ထိန်းထားနိုင်တော့၏။ ကေအင်ဒီအိုက မြစ်ဝကျွန်းပေါ်အားသိမ်းသည်။ အင်းစိန်အား တိုက်သည်။ အစိုးရတပ်များက ပြန်၍ခုခံသည်။ ပြည်တွင်းစစ်မီးလျှံက လောင်မြိုက်၍ကောင်းဆဲ။ ရွာသားများ ရွာတွင်မနေရဲ။ ရွာကိုပစ်၍ပြေးကြရ၏။

ဒုက္ခသည်များ...

ကိုဘိုးမြတို့ မိသားစု ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့၏ အစီအစဉ်နှင့် ရန်ကုန်သို့ရောက်ခဲ့ကြသည်။ ဒုက္ခသည်များအား ရန်ကုန်တက္ကသိုလ်၏ အဆောင်များတွင်ထားသည်။ ကိုဘိုးမြတို့ အိမ်ထောင်
စုတွင် ဇနီးမရွှေခင်၊ သမီးမြသီနှင့် အောင်ဘန်းတို့ ညီအစ်ကို ငါးယောက်ရှိသည်။ ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့က တနေ့လျှင် ဆန်နို့ဆီဗူးနှစ်လုံး ဆီနှစ်ကျပ်ခွဲသား၊ ပဲ နို့ဆီဗူး တလုံး ထုတ်ပေးသည်။ လိုတာကိုတော့ ကိုယ်ဘာသာကိုယ် ၀ယ်ယူကြ။

ရွာက ရောက်လာကာစဖြစ်၍ ပြဿနာမရှိ။ လက်ထဲတွင် ငွေစကြေးစလေးများပါလာသေးသည်။ လိုတာအား ၀ယ်နိုင် သုံးနိုင်ကြ၏။ တဖြည်းဖြည်းကြာလာတော့ ပါလာသည့်ငွေသည်လည်း ပွန်း၍ ပါး၍လာပြီ။ ကြာရင်တော့ ခက်ပြီ။ ကိုဘိုးမြတို့ မိသားစုတွင် မြသီက အကြီးဆုံးသမီး အပျိုဘော်
ဝင်စအရွယ်။ မရွှေခင်က အငယ်နှစ်ယောက်နှင့် ချက်ပြုတ်လိုက်နှင့် လက်မလည်နိုင်။ နောက်ဆုံး ဈေးဖိုးကာမိရန် မြသီဈေးရောင်းထွက်ရတော့သည်။ မြသီက ပထမမြေပဲလှော်နှင့် ကွမ်းယာ စရောင်းသည်။ နောက် ကမာရွတ်ရှိ ကုလားဆိုင်မှ ရေနံဆီကို နေ့ပြန်တိုးနှင့်ယူ၍ ဒုက္ခသည် စခန်းအတွင်းလှည့်၍ရောင်းသည်။

ပထမတွင် မဆိုး။ တနေ့ တနေ့ ခြောက်မူး သုံးမတ်လောက်ကျန်သည်။ ညနေတွင် ကုလားဆိုင်မှ ဈေးကြွေးအား မြသီဆပ်သည်။ ပြီးလျှင် နောက်နေ့အတွက် အကြွေးနှင့် ဈေးထွက်ဝယ်သည်။ အလျဉ်မီ၏။ နောက်ပိုင်း၌ ကျောင်းဝင်းအတွင်း ဒုက္ခသည်များ သူသူကိုယ်ကိုယ် ဈေးသည်တွေချည်း ဖြစ်လာကြတော့၏။ ဈေးသည်များပေါ၍ တနေကုန် လှည့်ရောင်းသော်လည်း မြသီအဖို့ ငါးမူးကျန် ရန်ပင် ခက်ခဲလာတော့၏။ ကုလားဆိုင်မှ ဈေးကြွေးအား မြသီ မှန်မှန်မရှင်းနိုင်။ ဈေးရောင်းကောင်း လျှင်မူ မနက်ကအကြွေး ညနေရှင်းနိုင်၏။ ရောင်းမကောင်းသည့်နေ့တွင်တော့ မြသီမရှင်းနိုင်။

(ဂ)

“အမေရေ ကျုပ် ပိုက်ဆံသွားရှင်းအုံးမယ်” ဟု စင်္ကြံဘေးတွင်ထမင်းချက်နေသည့် မရွှေခင်ကို လှမ်းပြောကာ ထွက်လာ၏။ မိန်းကလေးကျောင်းဆောင်ရှေ့တွင် ကျောင်းသူတွေ လမ်းလျှောက် နေကြ၏။ ဆည်းဆာကလေးကလည်း မပွင့်တပွင့်မို့ စိတ်ထဲမှာ မြူးမိသည်။ နဂိုကလည်း စိတ်ပေါ့ ပါးပြန်။ ရာသီကလည်း မလင်းတလင်းနှင့် သာယာပြန်တော့ မြသီမှာ ရင်ထဲကခုန်လာကာ ပျော်၏။ သည်အချိန်ဆိုရင် ပိုက်ဆံရှင်းလို့ကောင်း၏။ လူရှင်းသည်။

“ကာကာ မနေ့က ကျန်တာ နှစ်ကျပ်တမူး၊ ဒီနေ့ရေနံဆီယူတာက သုံးကျပ်” ဟု တွက်ရင်း အိတ်ထဲက ပိုက်ဆံကိုနှိုက်၏။
“ရော့ ရှင်ရေ ဟုတ်လား”
“ကောင်မလေး ယူသွားအုံးလေ”
“ဟာ ကျန်သေးတယ် ၊ ကုန်မှ လာယူမယ်”

စိတ်ထဲတွင်ပေါ့ပါးသွား၏။ ရှိနေသည့် အကြွေးတွေဆပ်လိုက်ရ၍ ၀မ်းသာမိသည်။ ပိုက်ဆံပေး၍ ပြန်မည့်အပြုမှာ ကုလားက နေအုံးဟုဆိုကာ မနက်ဖြန်အတွက် ဆန်ထုတ်ပေး၏။ ဆန်ချင်နေစဉ် မုတ်ဆိတ်မွှေး ရှရှက ပါးကိုတိုက်မိသွား၍ ယားကျိကျိဖြစ်သွား၏။ လက်မောင်းမွှေးတွေနဲ့ လက်ကြီး
က မြသီကို ရစ်ပတ်၏။ နှာခေါင်းချွန်ချွန်က မျက်နှာကို မိုး၏။

အပြန်တွင် မြသီကို ကုလားက ငွေငါးကျပ်ပင်ပေးလိုက်သေးသည်။ မြသီမှာ နွမ်းနယ်၏။ ရင်ထဲ ကလည်း တဒိတ်ဒိတ်ခုန်၏။ အတွေ့က ငိုရမည့်အတွေ့လား၊ သာယာရမည့်အတွေ့လား ဝေခွဲမရ။ မျက်ရည်များ လှိမ့်ဆင်းလာ၏။

(ဃ)

မတတ်နိုင်ပါ။ အလုပ်လည်းမရှိ။ ဈေးရောင်းပြန်လျင်လည်း အမြတ်မရ။ ဒုက္ခသည်ကယ်ဆယ်ရေးမှ ပေးသည့်ဆန်ကလည်း မလုံလောက်။ တခါတလေ ပိုးထိုး၊ ရေစိုဆန်ပင် ပါသေးသည်။ မြသီမှာ လူ လေးငါးယောက်ကို တွေ့ဖူးလာ၏။ ဒီလိုကျောင်းဝင်းထဲတွင် ဈေးသည်တွေ ပေါသည့်အတွက် တနေ့ တကျပ်လောက်မှမကျန် ဈေးသည်ပေါသည့်ခေတ်တွင် ကံတရားကိုသာ အဆိုးချရမည်။

အဖေတို့ အမေတို့သိရင်တော့ ဒုက္ခပဲ။ တခါတလေတော့ စိုးရိမ်မိသည်။ တောမှာသာ နေရင် ဒီလို
လည်းဖြစ်မှာ မဟုတ်ဘူးဟူ၍လည်း နောင်တရသလိုလိုရှိ၏။ သည်လိုနှင့်မြသီမှာ အဆုံးတွင် ငိုရမလား၊ မဝေခွဲနိုင်။ တညမှာ လူရည်သန့်သန့်နှစ်ယောက် လာခေါ်သွား၏။ တညလုံးအတွက် ငွေလေးဆယ်ရ၏။ မြသီမှာ ပထမတော့ ကုလားနဲ့တုန်းက ငွေငါးကျပ်ကို ခုံမင်ခဲ့မိလို့။ သူတို့နဲ့
ကျတော့ ငွေလေးဆယ်ကို မက်မောမိလို့...။

(င)

ဒုက္ခသည်ဝတ္ထုတိုအား ဆရာမြသန်းတင့်ရေးသည့်အချိန်၌ ဆရာသည်ရန်ကုန်တက္ကသိုလ်တွင် တတ်ရောက်နေဆဲ တက္ကသိုလ်ကျောင်းသား။ အင်းစိန်ဘက်မှ သေနတ်သံသဲ့သဲ့အား ဆရာကြား နေရမည်။ သေနတ်သံများကား အင်းယားရေပြင်အား လှိုင်းထသွားစေမည်။ ကံ့ကော်ရနံ့ကို ယမ်းနံ့နှင့်ကူးလိုက်မည်။ ဤတွင် ဆရာသည် ဒုက္ခသည်အား ရေးခြင်းဖြစ်မည်။

(၇) နှစ်မြောက်ပေဖူးလွှာ မဂ္ဂဇင်း၏ တွေ့ဆုံမေးမြန်းခန်းတွင် ဆရာမြသန်းတင့်နှင့် ဆရာဝင်းငြိမ်း တွေ့ဆုံထားသည်ကို ဖော်ပြခဲ့သည်။ ဤတွင်ဆရာက ဒုက္ခသည်ဝတ္ထု ရေးရသည့်အကြောင်းအား ရှင်းပြသည်။

“ပထမဆုံးဝတ္ထုတိုက ၁၉၄၉ ခုနှစ်ထုတ်တဲ့ တာရာထဲမှာပါတယ်။ ဒုက္ခသည်ဆိုတဲ့ ၀တ္ထုတို။ အဲ့ဒီတုန်းက ကျနော်တို့နေတဲ့ ရန်ကုန်တက္ကသိုလ် ဥတ္တရာကျောင်းဆောင် (ရွှေဘိုဆောင်) မှာ ကျောင်းသားတွေကို အိမ်ပြန်လွှတ်ပြီး အင်းစိန်တ၀ိုက်က စစ်ပြေးဒုက္ခသည်တွေကို ထားရတယ်။ အဲ့ဒီထဲက ကောင်းမလေး တယောက်အကြောင်းကို ကျနော်ဝတ္ထုရေးတယ်။ ကျနော်တို့ရှေ့မှာတင် ဒီကောင်မလေး ပျက်စီးသွားတယ်။ ပြည်တွင်းစစ်ကြောင့် တောက ပြေးလာကြပြီး ရန်ကုန်ရောက်
တော့ အဲ့လိုပျက်စီးသွားရတဲ့ မိန်းကလေးတွေကို ကျနော်တွေ့နေရတယ်။ ဒါဟာ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံဖြစ်တယ်။ ဒါကြောင့် ပြည်တွင်းစစ်ဖြစ်တာ မကောင်းဘူးလို့ ကျနော်ရေးတယ် ”

(စ)

ပြည်တွင်းစစ်မီးက အင်းစိန်မှ ပဲခူးရိုးမသို့ ရွေ့သည်။ ပြီးလျှင် သံလွင်သို့ကူး၏။ မငြိမ်း။ ဒုက္ခသည် တို့သည်လည်း နယ်စပ်မျဉ်းတလျှောက်၌ သီ၍ရှိနေကြဆဲ။ အိမ်မပြန်နိုင်ကြသေး။ ဒုက္ခသည်တို့၏ ဒုက္ခများက မအေးငြိမ်း။

ဒေါ်အောင်ဆန်းစုကြည်၏ “စစ်မှန်သောလုံခြုံရာသို့” စာတမ်း၏ နိဂုံးချုပ်ချက်နှင့်ပင် အဆုံးသတ်
ပါရစေ ...။

“ရုပ်ပိုင်းဆိုင်ရာ အထောက်အကူမှန်သမျှ ဆုံးရှုံးခဲ့ရသူတို့တွင် အားကိုးအားထားပြုစရာဟူ၍ မိမိတို့၏ ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာတန်ဖိုးထားမှု ဓလေ့သာ ကျန်တော့ကြောင်းကို ဒုက္ခသည်များနှင့် ဆက်ဆံလုပ်ကိုင်သူများ အသိဆုံးဖြစ်ပါသည်။ ဘိုးဘွားစဉ်ဆက် ယုံကြည်လက်ခံလာခဲ့ကြသော သဒ္ဒါတရား၊ ဂရုဏာတရားတို့မှ ပေါက်ဖွားလာသော ဝေငှပေးကမ်းလိုစိတ်များကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေရသူ ဆင်းရဲသားများကပင် မိမိ၏ ရှိစု မဲ့စု ရိက္ခာလေးကို အလျှံအပယ်ကြွယ်ဝသူကဲ့သို့ သူတပါးအား ကြည်နူးစွာ ပေးကမ်းခြင်းများလည်း ရှိပါသည်။

တဖန် ကိုယ်ကျိုးကိုသာ အဓိကထားသည့် သဘာဝကို ကြာမြင့်စွာ မွေးမြူအားပေး၍ ပေါ်ပေါက် လာသော အဘိဇ္ဖျာဗျာပါဒ စိတ်များ၏ လှုံ့ဆော်မှုကြောင့် ဒုက္ခသည်အချင်းချင်းထံမှပင် ခိုးဝှက်လု
ယက်ကြသည်များပင် ရှိပါသည်။ စင်စစ်မှာမူ ကမ္ဘာဒုက္ခသည်အများစုသည် လူမဆန်မှုနှင့် ပညာ
ဥာဏ် ကင်းမဲ့မှုကြောင့် ဖြစ်ပေါ်လာရသော မခံသာတော့သည့် အခြေအနေများမှ ကင်းလွတ်ရာ လုံခြုံရာကို ရှာနေကြသူများဖြစ်ပါသည်။

မင်းဟန်

No comments: