`ကွမ်းအစ်တလုံး ယောင်တထုံးနှင့်
ရင်ဖုံးအင်္ကျီ ဖျင်ပင်နီနှင့်
ယောထည်ပုဆိုး မင်ကြောင်ထိုးနှင့်
အဖိုးက၀ိ ပညာရှိ´ဆိုတဲ့ ကိုယ်ရေးတဲ့ ကဗျာပိုဒ်ကလေးကို ကိုယ်ဘာသာသီဆိုရင်း ကြည်နူးပီတိနဲ့ မြင်ယောင်လာသည်ချည်း။
၁၉၅၀ ခုနှစ်က မန္တလေးဘုရားကြီး ၄၅ တာ ကွင်းကြီးမှာ ဆရာကြီးမှိုင်းကို ကိုယ်တိုင်မြင်ဖူးခဲ့တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆရာကြီးဟာ တနိုင်ငံလုံးလှည့်ပြီး တရားဟောစဉ်ကပါ။ ဆရာကြီးရဲ့ ခန့်ညားပြီး ကြည်ညို ဖွယ်ရာ ဥပဓိရုပ်၊ အောင်မြင်ပြီး ကရုဏာသံ မေတ္တာသံပါတဲ့ အသံသြဇာတို့ဟာ နှလုံးသားမှာ စွဲထင်နေရစ်ခဲ့တယ်။ `ဆရာမသေခင် ငြိမ်းချမ်းရေးရတာကို မြင်ချင်တယ်´လို့ မိဘရဲ့ မေတ္တာစမ်းရေသံကို မမေ့နိုင်ဘူး။
`ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေသော်၊
ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော်´ဆိုတဲ့ ဆရာကြီးရဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာကို ခံစားမိတယ်။
`ရွှေမြတောင်သာတဲ့တိုက်ဆီက နေလနှစ်ဆောင် ပါတော်မူတဲ့အခိုက်´က ကိုယ်တွေ့ဇာတ်လမ်းကို လွမ်းမောတသဖွယ် မိန့်ဆိုခဲ့တယ်။ ဆရာကြီးနဲ့ တပည့်တွေဟာ နိုင်ငံလွတ်လပ်ရေးအတွက် အဆင်းရဲခံ၊ အငတ်အပြတ်ခံပြီး စိတ်ညီလက်ညီ ဆောင်ရွက်ခဲ့ကြတဲ့ အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်းအောက်မေ့တယ်။ ရေနံချောင်း တို့ဗမာညီလာခံသွားရင်း တောင်တွင်းကြီးနယ်ဘက် ဘုရားတွေလျှောက်ဖူးကြတော့ တောင်တွင်းကြီးနယ်က ဘုရားတွေမှာ ထူးထူးဆန်းဆန်း ခေါင်းလောင်းသံ ဆည်းလည်းသံ တိတ်နေတာကို သတိပြုမိတယ်။
ဒါနဲ့ တောင်တွင်းကြီး နတ်မှီတောရ၀င်ပြီး အရှင်ဥက္ကဌကို ၀တ်ပြုတော့ အဲဒီနယ်က ဒကာတွေနဲ့ လက်ဖက်ရည်ကြမ်းဝိုင်းမှာ အလ္လာပသလ္လာပ စကားဆိုဖြစ်ကြတယ်။ အဲဒီမှာ ဘုရားစေတီတွေမှာ ခေါင်းလောင်းသံ ဆည်းလည်းသံ ဆိတ်ရခြင်း အကြောင်း မေးမိသတဲ့။
ဒီတော့မှ မင်းကြီးရွှေလရောင်အကြောင်း လေးစားဖွယ် သိလာရတယ်။ အင်္ဂလိပ်နယ်ချဲ့သမားကို ခုခံတိုက်ခိုက်ဖို့ လက်နက် လိုတော့ မင်းကြီးရွှေလရောင်က ဘုရားစေတီတွေထံခွင့်ပန်ပြီး ခေါင်းလောင်းတွေ ဆည်းလည်းတွေ မစချီးမြှောက်တော် မူပါဘုရား … သူ့ကျွန်ဘ၀က လွတ်မြောက်ရင် ခေါင်းလောင်းတွေ ဆည်းလည်းတွေ ဝေနေအောင် လှူဒါန်းပါ့မယ်ဘုရားလို့ လျှောက်ထားပြီး ခေါင်းလောင်းတွေ ဆည်းလည်းတွေဖြုတ်၊ အရည်ကျိုပြီး ပန်းပဲဖိုမှာ လက်နက်တွေ လုပ်ခဲ့တယ်ဆိုပဲ။
အဲဒီလို ခုခံတိုက်ခိုက်နေတော့ တောင်တွင်းကြီးတနယ်လုံး အင်္ဂလိပ်က မသိမ်းပိုက်နိုင်ဘဲ ဖြစ်နေတယ်။ ဒီတော့ မင်းကြီး ရွှေလရောင်ခေါ် ဗိုလ်မင်းရောင်ရဲ့ခေါင်းကို ဆက်နိုင်ရင် ဆုတော်ငွေ ဘယ်ရွေ့ဘယ်မျှ ချီးမြှင့်မယ်လို့ ကြေညာရသတဲ့။
ဒီတော့ အင်္ဂလိပ်ကပေးတဲ့ ဆုတော်ငွေကို လိုချင်မက်မောတာနဲ့ ကိုယ့်တပ်ထဲက ကမြင်းမသား စစ်ဗိုလ်တချို့က မင်းကြီးရဲ့ ဦးခေါင်းကို ဖြတ်ပြီး အင်္ဂလိပ်နယ်ချဲ့လက်ကို အပ်လိုက်သတဲ့။ ဒါကြောင့် `ဖျင်းလှတဲ့ ကမြင်းမအကောင် ဗိုလ်တချို့ရယ်က ကိုယ့်ဖို့ အလွတ်ရုန်းရော့ထင့်၊ တောင်ကုန်းသာသာယာယာ မြင်းမဏိစခန်းဆီက တရှောင်ရှောင်ပုန်းကာ မင်းအမိအရ ဖမ်းချင်ကြတဲ့ပြင်´လို့ ဆရာကြီးမှိုင်းက မှတ်တမ်းခဲ့ပါတယ်။
အဲဒီအခါ ရွာကဒကာတွေက `အဲ … ဗိုလ်မင်းရောင်ရဲ့ မြေးကလေး … အခုရှိပါသေးကော … ရန်ကုန်တက္ကသိုလ်မှာ စာသင် နေတယ်ဆို ထင်ပါရဲ့´လို့လည်းပြောလိုက်ရော ဆရာကြီးမျက်စိထဲမှာ ဌာနချုပ် တို့ဗမာအစည်းအရုံးမှာ အမြဲလာနေတဲ့ မှုန်တေတေအကောင်လေး ဖြစ်ရော့မလားလို့ စဉ်းစားမိလိုက်သတဲ့။ ရန်ကုန်ရောက်ရင်တော့ ဒီကောင်ဆိုတာ ကလေးကို မေးစမ်းကြည့်ရဦးမယ်လို့ စိတ်ထဲ မှတ်ထားလိုက်တယ်။ `သူ့နာမည်က အောင်ဆန်းဆို ထင်ပါရဲ့´လို့ လူကြီးတွေက ပြောလိုက်သတဲ့။
ဒီလိုနဲ့ ဆရာကြီးမှိုင်းဟာ အောင်ဆန်းအကြောင်း၊ အောင်ဆန်းတို့အဖိုး ရွှေလရောင်ခေါ် ဗိုလ်မင်းရောင် အကြောင်း၊ ဒီအောင်ဆန်းဆိုတဲ့ကောင်လေး ဦးစီးခေါင်းဆောင်ပြီး ညီညီညွတ်ညွတ်နဲ့ နယ်ချဲ့ကို တိုက်ပွဲဝင် ခဲ့ကြောင်း၊ အောင်ဆန်း ကျဆုံးတဲ့အခါကျတော့ သီလသမာဓိရှိပြီး စိတ်ကောင်း နှလုံးကောင်းရှိတဲ့ မောင်နုကို ခေါင်းဆောင်တင်ကြကြောင်း နားထောင်ချင်စဖွယ် ခင်းကျင်းပြောပြပါတယ်။ မောင်နုကတော့ ဦးဆောင်နိုင်တဲ့ စွမ်းရည် နည်းရှာတယ်။ ဒါပေမယ့် လူကောင်းတယောက်မို့ ခေါင်းဆောင်တင်မြှောက်ရတာမို့ ပုံခပ်ရိုင်းရိုင်း ပြောရရင် ဗြဟ္မာ့ဘုံ နွားခုန်တက်သလိုပေါ့ကွယ်လို့ ပြောလိုက်တော့ ပရိသတ်တွေ တအုန်းအုန်း ရယ်မော ကြပါတယ်။
ဒီတော့ သူမနာကိုယ်မနာ သင်ပုန်းချေပြီး ငြိမ်းချမ်းအောင်ဆောင်ရွက်ကြဖို့ ဆရာကြီးက တိုက်တွန်း လှုံ့ဆော်သွားခဲ့ပါတယ်။
ဆရာကြီးဟာ သားသမီးတွေ မညီမညွတ် ရန်စစ်ခင်းနေကြတာကို မြင်ရတဲ့ မိဘရဲ့စေတနာမျိုးနဲ့ အိုကြီးအိုမပေမယ့် တကြောင့်ကြကြ ဆောင်ရွက်ခဲ့တာပါ။
`ယခင်အခါ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့ စိုးနဲ့သန်းကိုလ၊ဲ တမျိုးကွဲ့လွမ်းသူ ဆရာဖအေမှာဖြင့် မာပါစေသာပါစေ ဆုမွန်တောင်းတဲ့အပြင်၊ ကမ္ဘာအေးစေတီ ဒါယကာ မောင်ရွှေနုကိုလဲ အောင်ဇေယျတု အောင်ဇေယျတုနဲ့ မေတ္တာပို့လိုက်ကဲ့´ ဆိုတဲ့အတိုင်း သူပုန်နဲ့ အစိုးရအကြား ပြည်တွင်းစစ်မီးမပွားအောင် အားကြိုးခနွှဲ ဆောင်ရွက်ခဲ့ပါတယ်။
ဆရာကြီးမှိုင်းဟာ အလွန်ဖြူစင်သန့်ရှင်းတဲ့ သူတော်စင်ပညာရှင်ကြီးပါ။ သူ့ကိုယ်ကျိုး၊ သူ့အရေး၊ သူ့အတွက် တစက်ကလေးမျှ စဉ်းစားသူမဟုတ်ပါ။ ဒီလို ကိုယ်ကျိုးစီးပွားကို လုံးဝမထားနိုင်အောင် စွန့်လွှတ်ခဲ့တဲ့အတွက် မြင့်လဲမြင့်မြတ်၊ မှန်လဲမှန်ကန်၊ စေတနာအမှန်နဲ့ ဦးဆောင်မှုပေးနိုင်ခဲ့တဲ့ နိုင်ငံတော်ရဲ့ မီးရှူးတန်ဆောင် ဖြစ်ရခြင်းပါပဲ။
မြန်မာနိုင်ငံမှာ ဆရာကြီးမှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် တချို့၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့ ကိုယ်ကျိုးမဖက် မေတ္တာ စေတနာသက်သက်နဲ့ ဆောင်ရွက်တဲ့ ခေါင်းဆောင်ကောင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ကိုယ်ကျိုးရှာ၊ အာဏာမက်၊ ကိုယ့်ဘက်ကိုယ်သာယက်လေ့ရှိတဲ့ လိပ်မျိုးပမာ ခေါင်းဆောင်ခပ်ချာချာတွေလည်း ရှိခဲ့တယ်လို့ အမှန်အတိုင်းသိရမှာပါပဲ။
ဒီနေ့ ကိုယ်ကျိုးပဓာန၊ ကိုယ်ကျိုးအဓိကကိုပဲ ကြည့်နေတဲ့၊ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ ငတေတွေနောက် တကောက်ကောက်လိုက်မနေဘဲ ခေါင်းဆောင်ကောင်းတို့ ဦးဆောင်ရာကို လိုက်ပါပြီး လူထုရဲ့ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
`လက်ရုံးရည် ရာအထောင်နဲ့နှလုံးရည် ရာအထောင်နဲ့
တို့ခေါင်းဆောင် ညွှန်တဲ့လမ်းဆီသို့
လှမ်းကြမယ် အဆွေကောင်းရယ်
ဒေါင်းသံနဲ့လေး´လို့ ဆရာဇော်ဂျီကလဲ လှုံ့ဆော်ခဲ့ဖူးပါတယ် ... ဟုတ်စ။
တင်မိုး
No comments:
Post a Comment