သင်းကွဲ
(၁)
အခန်းက စာကြည့်စားပွဲပေါ်မှာ ကမ္ဘာလုံးတလုံးရှိတယ်။ အချင်းတပေသာသာ ကမ္ဘာလုံးနဲ့စာအုပ်စင်ဟာ ပညာရေးဝန်ထမ်း အငြိမ်းစားတယောက်ရဲ့အိမ်မှာ နေရာယူထားတာ အတော်ကြာပါပြီ။ ပညာရေးဝန်ထမ်း အငြိမ်းစားတယောက်ဖြစ်တဲ့သူဟာ ပညာရေးဖွံ့ဖြိုးမှု အစီအစဉ်အတွက် နိုင်ငံပေါင်းစုံရောက်ဖူးသူ၊ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ပညာရေးစနစ်တွေကို စုံစုံစေ့စေ့ လေ့လာဖူးသူ၊ တနိုင်ငံရဲ့ပညာရေးစနစ်ဟာ အဲဒီနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်အရ ရေးဆွဲပြဌာန်း ချမှတ်လုပ် ကိုင်တဲ့ပုံစံတွေကိုလည်း သူလေ့လာသိရှိခဲ့တယ်။ ခုတော့ သူဖြစ်ချင်တာတွေ မဖြစ်ခဲ့ဘဲ မဖြစ်ချင်တာတွေသာ ဖြစ်နေရတယ်။ သူ့မိသားစုနဲ့လည်း အတော့်ကို မပြေမလည်ဖြစ်ခဲ့ရတယ်။ ခုလည်း ကမ္ဘာလုံးပေါ်က လတ္တီကျု၊ လောင်ဂျီကျု မျဉ်းတွေကို ကြည့်ရင်း ကမ္ဘာလုံးပေါ်က နိုင်ငံတွေကို သူစိတ်ဝင်တစားကြည့်နေရင်း တဖက်ခန်းက သူ့ဇနီးရဲ့စကားကို မနှစ်မမြို့ သူကြားလိုက်ရတယ်။
`ကဲ … သားလေး … တက်မယ်ဆိုရင်လည်း မေမေခွင့်ပြုမှာပေါ့ … သား … ကျူရှင်လခက ဘယ်လောက်လဲ … ဖေဖေကြီး မသိအောင် မေမေပေးမယ်နော် … ´
`သိပ္ပံတွဲက သုံးဘာသာကို တတွဲတွဲထား … တဘာသာကို ငွေ (၅၀၀၀) ၊ ခြောက်ဘာသာရှိတယ်ဆိုတော့ ငွေ (၃၀၀၀၀) လောက်တော့ကျမှာပေါ့ မေမေ´
သားအမိနှစ်ယောက်ပြောတဲ့စကားဟာ သူ့နားထဲကို စူးနဲ့ဆောင့်ထိုးလိုက်သလို ခံစားလိုက်ရတယ်။ ကျူရှင်မတက်လို့ မရဘူးလားလို့ သူအတန်တန်ပြောခဲ့ပေမယ့် သူ့မိသားစုရဲ့ တန်ပြန်ထိုးနှက်ချက်တွေ သူ ပြင်းပြင်းထန်ထန် ခံစားနေရတယ်။ သူ ဆဆ,သသ တွေးနေတယ်။
(၂)
ကျုပ် မှားသလား …။ ပျင်းတောင်ပျင်းသေးတယ် …။ ဒီလောကမှာ ကျုပ်လောက်မိုက်တဲ့လူ မရှိဘူးလို့ထင်တယ် …။ ကျုပ် နိုင်ငံပေါင်းစုံလည်း ရောက်ဖူးတယ်။ ယူအင်ဒီပီရဲ့ အကူအညီနဲ့ နိုင်ငံတကာ ပညာရေးစနစ်တွေကို လေ့လာခွင့်ရခဲ့တယ်။ မလေးရှား၊ ထိုင်း၊ ဂျပန်၊ သြစတြီးလျနိုင်ငံတွေ … အို … နိုင်ငံပေါင်းစုံ ကျုပ်ရောက်ဖူးတာပဲ။ ပညာရေးဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ တက်ခဲ့ဖူးတာပဲ။ သူများနိုင်ငံက ပညာရေးစနစ်တွေဟာ သူ့နိုင်ငံ၊ သူ့ယဉ်ကျေးမှု၊ သူ့စီးပွားရေးစနစ်နဲ့သူ ပြဌာန်းချမှတ်ထားတာ။ သူတို့နိုင်ငံမှာ ကျူရှင်မရှိဘူး။ ဆရာ ဆရာမ အပိုဝင်ငွေမရှာဘူး။ ကျူရှင်မပြဘူး။ အဲဒီလို ကျူရှင် မပြအောင်လည်း သူတို့နိုင်ငံက အစိုးရ ဆရာ ဆရာမတွေကို တာဝန်ယူထားတာ။ ဂျပန်မှာ ပညာရေးဝန်ထမ်းတွေကို အဆင့်မြင့်မြင့်ထားတာ။ တခြားဝန်ထမ်းတွေထက် လစာပိုရတယ်။ လစာ ပိုပေးထားတာပေါ့ဗျာ။ အစိုးရ၀န်ထမ်းချင်း အတူတူ၊ ပညာရေးဝန်ထမ်း ကျောင်းဆရာ ဆရာမကို လူတွေက ပိုအထင်ကြီးကြတယ်။ ပိုလေးစားကြတယ်။ သူတို့ဆီမှာ ဘွဲ့အလိုက် တဦးနဲ့တဦး လစာမတူကြဘူး။ ကျုပ်တို့ဆီမှာလို မူလတန်း၊ အလယ်တန်း၊ အထက်တန်း … အဆင့်ဆင့် လစာမျိုးကို ပြောတာမဟုတ်ဘူး။ ကိုယ်ရတဲ့ ဘွဲ့အလိုက်၊ ကိုယ်ကျွမ်းကျင်မှုအလိုက် လစာအမျိုးအစားချင်းမတူဘူး။ နောက်ပြီး လစာအပြင် တခြားခံစားခွင့်တွေလည်း ပေးထားသေးတယ်။ ဘောနပ် (စ်) ခေါ်တဲ့ (ထောက်ပံ့ကြေးလို့ပဲ ပြောရမလား) ငွေလည်း တနှစ်ကို သုံးခါပေးတယ်။ တခါပေးရင် လစာရဲ့ ငါးဆပေးတယ်။ အရည်အချင်းအလိုက် ထောက်ပံ့ကြေးတွေ ထပ်ပေးတယ်။ ကိုယ့်အရည်အချင်းရှိရင် ရှိသလိုထပ်ပေးတာပေါ့။ နောက်ပြီး ကိုယ့်ရဲ့နေထိုင်မှု အဆင့်အတန်းနဲ့အညီ ထောက်ပံ့ကြေးတွေလည်း ထပ်ရတယ်။ သင်ကြားမှုဆိုင်ရာ နည်းနာတွေကို ကြည့်ပြီးတော့လည်း ငွေထပ်ဆောင်းပေးတယ်။ အားလုံးကို လိုတာထက်ပိုပြီး ဖြည့်ဆည်းပေးထားတော့ ဆရာတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပိုဝင်ငွေ ရှာဖို့မလိုတော့ဘူးလေ။ သူတို့ဆီမှာ ဆရာဖြစ်တာကို တော်တော်ဂုဏ်ယူကြတယ်။ တော်ရုံတန်ရုံနဲ့လည်း ဆရာမဖြစ်နိုင်ဘူးလေ။ ဆရာတွေ လာဘ်မစားဘူး။ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်မှာ စစ်အရှုံးကြီးရှုံးခဲ့ရပြီး တိုင်းပြည် စီးပွားရေး ချွတ်ခြုံကျခဲ့ရတယ်။ စစ်ပြီးလို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပညာရေးကို ဦးစားပေးလုပ်ဆောင် ထိပ်တန်းတင်ခဲ့တာ။ ပညာရေးကောင်းတော့ နိုင်ငံမှာ စီးပွားရေးပါ အဖက်ဖက်က တိုးတက်လာတာ။ ဒီနေ့ ကမ္ဘာမှာ ထိပ်တန်းရောက်နေတာပဲ မဟုတ်လား။
(၃)
သူ … ဆဆ,သသ တွေးနေတယ် …။
အငြိမ်းစားမယူခင်က သူတာဝန်ထမ်းဆောင်ခဲ့ရတဲ့ တိုင်းထဲမှာ အပြောင်းအရွှေ့ကိစ္စတွေဆိုရင် သူ မေတ္တာနဲ့ လုပ်ပေးတယ်။ ကျောင်းဆရာ ဆရာမတွေ တနယ်ကတနယ်ပြောင်းတာ၊ မြို့နယ်ပြောင်း၊ တိုင်းပြောင်း လျှောက်လွှာတွေဆိုရင် ၀န်ထမ်းချင်း ကိုယ်ချင်းစာတဲ့အနေနဲ့ ဦးစားပေး လုပ်ပေးလေ့ရှိတယ်။ ဘာလက်ဆောင်မှ သူ လက်မခံခဲ့ဘူး။ သူမျိုးရိုးအသိုင်းအ၀ိုင်း ကလည်း အသင့်အတင့်ကြွယ်ဝလို့ သူ့ကိုယ်ကျင့်တရား ဒီလောက်ထိ ခိုင်ပြီး မယိုင်မယိမ်းအောင် သူ့ကိုယ်သူ ထိန်းနိုင်ခဲ့ တယ်။ သူ့ရုံးခန်းထဲမှာ `နိုင်ငံ၏ ကံကြမ္မာသည် ပညာရေးစနစ်ပေါ်တွင် အဓိက တည်မှီနေသည်´လို့ ရေးထားခဲ့တယ်။ အခု သူအငြိမ်းစားဘ၀မှာလည်း အဲဒီစာတမ်းကို သူ့အိပ်ခန်းထဲမှာ နေသားတကျ နေရာယူနေပြန်ပြီလေ။
သူအခန်းထဲကထွက်လာတော့ သူ့ရဲ့သား ကျူရှင်စတက်ဖို့ အပြင်ထွက်သွားပြီ။ အသိမသာ သက်ပြင်းကိုမလုံမလဲဖုံးဖိရင်း …
`ခေတ်ကြီးကတော့ ပြောင်းပြန်ပဲကွာ …´
`ရှင်က ဒီအတိုင်းပဲ၊ ပြောလိုက်ရင် ကနု့်လန့်ကြီးပဲ။ ရှင်တယောက်တည်းနဲ့ ကမ္ဘာကြီးနဲ့ ရန်ဖြစ်နေတာ´
`မင်းတို့ကိုလည်း ငါအပြစ်မတင်ပါဘူးကွာ၊ ငါဟုတ်တာပြောတာကို မင်းတို့က လက်မခံကြတာ ခက်တယ်´
`ရှင့် ကိုယ်ကျင့်တရားကြောင့် ကျွန်မတို့ ဒီလိုနေရတာ … သူများမိုးခါးရေသောက်ရင် ကိုယ်ကလည်း သောက်ရမှာပေါ့၊ ဦးမောင်မောင်တို့ ဦးလှတို့ဆိုရင် တိုက်နဲ့ ကားနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေနဲ့၊ သူတို့သားသမီးတွေ ဆိုလည်း နိုင်ငံခြားမှာ ကုမ္ပဏီတွေဖွင့်လို့´
`ဒါတွေ ငါအထင်မကြီးပါဘူးကွာ´
`ရှင်က ပြောလိုက်ရင် ဒီအတိုင်းပဲ´
`ဟ … သူ့အရည်အချင်းနဲ့သူ လာမှာပေါ့ … ဖြစ်လာမှာပေါ့ … ကလေးတွေ စိတ်မ၀င်စားတဲ့လိုင်းကို ကိုယ်က အတင်း တိုက်တွန်းလို့မရဘူး။ အေး … မင်းက မင်းဖြစ်ရမယ်ဆိုပြီး အတင်းဖြစ်အောင်လုပ်လို့ ဒီခေတ်ထဲမှာ ရချင်ရမှာပေါ့။ ကလေးတွေမှ စိတ်မပါတာ … တိုက်တွန်းဖို့မလိုပါဘူး။ ဖြစ်အောင်လုပ်လို့ဖြစ်လာရင်လည်း တိုင်းပြည်နစ်နာတယ်ကွ´
သူ့ဇနီးနဲ့ အချေအတင် ငြင်းခုံမှုဟာ ဘာမှမဆန်းတော့ပါဘူး။ အားလုံးက သူနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတော့ သူတယောက် တည်း မှားတယ်လို့ ယူဆနေကြတယ်။ အများနဲ့တယောက်ဆိုတော့ သူအလျှော့ပေး လိုက်ရတာပါပဲ။ သူ့စိတ်ထဲ စနောင်း စနင်း ဖြစ်နေတာကတော့ သေချာတယ်။ သူ့ဇနီးဆန္ဒကတော့ အလိုက်သင့်မောင်ဘဦးလို နေမယ်ဆိုတဲ့ ခံယူချက်။ သူကတော့ ပညာရေးစနစ်ကို ကောင်းအောင်လုပ်မယ် ဆိုတဲ့ ခံယူချက်။ နောက်ဆုံးတော့ သားသမီး သုံးယောက်စလုံး ကိုသာ ဘာသာစုံကျူရှင်ထားဖို့ သီးသန့်ဝိုင်းနဲ့ သင်ဖို့ သူ့ဇနီး နားပူနားဆာလုပ်မှုကို သူ့ဖက်က ပြောအားမရှိတော့တာပါပဲ။
(၄)
ကျုပ် ထိုင်းရောက်တော့ ပညာရေးဆွေးနွေးပွဲတခု တက်ရတယ်။ ဒီလို ပညာရေးဆွေးနွေးပွဲတွေမှာ ကိုယ့်နိုင်ငံက ပညာရေး လုပ်ဆောင်ချက်တွေကို တင်ပြဆွေးနွေးရတာ၊ ဘာတွေလုပ်ဆောင်ထားတယ်၊ ဘာတွေ အောင်မြင်တယ်၊ လူဦးရေနဲ့ ဆရာဦးရေ အချိုးဘယ်လောက်ရှိတယ်၊ ဆရာဖြစ် သင်တန်းတွေ ဘယ်နှစ်ကျောင်းရှိတယ်၊ ဘယ်နှစ်ကနေ ဘယ်နှစ်အထိ ဆရာဖြစ် သင်တန်းဆင်းပြီးသူတွေ ဘယ်လောက်၊ မဆင်းရသေးသူတွေ ဘယ်လောက် တင်ပြပြောဆိုရတာပေါ့။ ကျုပ်တို့ အဖွဲ့ထဲက ဆရာတယောက်က ပညာရေး လုပ်ဆောင်ချက်စာတမ်းကို တက်ဖတ်တယ်။ ကျုပ်က မလေးရှားတုန်းက ကျုပ်တို့ပညာရေး စနစ် အကြောင်း အပေါ်တက် ဆွေးနွေးပြီးပြီမို့ ခု ထိုင်းမှာကျတော့ ကျုပ် တက်မဆွေးနွေးတော့ဘူးပေါ့။ ကျုပ်တို့အဖွဲ့ထဲက တယောက်ယောက်ကို အလှည့်ပေးလိုက်တယ်။ အဲဒီမှာ နည်းနည်း အဖုအထစ်ကလေး ဖြစ်တယ်။ ကျုပ်နဲ့ဘေးချင်းကပ်ထိုင်တဲ့ (…..) နိုင်ငံက ပုဂ္ဂိုလ်တယောက်က ကျုပ်ကိုကပ်ပြီးမေးတယ်ဗျ။ ဆရာဖြစ်သင်တန်း ကျောင်း ဆင်းပြီးတဲ့သူနဲ့ မဆင်းရသေးတဲ့သူတွေဟာ ကျောင်းသားဦးရေနဲ့စာရင် မမျှတဘူးလို့ ပြောတယ်။ သူတို့နိုင်ငံမှာက ဘယ်လို ဆိုတာ ကျုပ်ကို တသီတတန်းကြီး ပြောပြတယ်ဗျာ။ ကျုပ်တို့နိုင်ငံကို သူ သိပ်အံ့သြသွားတယ်။ ပထမတော့ ကျုပ်တောင် ဂုဏ်ယူမိချင်သလိုလိုပါ။ ကျုပ်နိုင်ငံကို ကျုပ်ကိုယ်တိုင် ဂုဏ်ယူမှုဟာ စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားတော့ တာပါပဲဗျာ။ သူမေးလိုက်တာက ကျုပ်တို့နိုင်ငံမှာ ဆရာဖြစ်သင်တန်းမဆင်းဘဲနဲ့ ဆရာတွေခန့်ချင်တိုင်း ဗုံးဘောလအောခန့်တဲ့ကိစ္စပဲ။ ကလေးတွေရဲ့ အနာဂတ်ဟာ ဆရာတွေလက်ထဲမှာ ရှိတယ်မဟုတ်လား။ ဆရာကောင်းတယောက် အရည်အချင်း၊ ဆရာဖြစ် ထိုက်တဲ့ စွမ်းရည်ရှိမှ သူတို့နိုင်ငံမှာ ဆရာအဖြစ်ရွေးချယ်တာ။ ဆရာဖြစ်ထိုက်တဲ့ အရည်အချင်းမရှိရင် ဆရာမခန့်ဘူး။ အနာဂတ်အတွက် စိုးရိမ်လို့တဲ့။ ကျုပ်တို့ဆီမှာ ပညာရေး အဆင့်အတန်း မြင့်မှ နိုင်ငံအဆင့်အတန်းမြင့်မယ်ဆိုတာကိုတော့ နားလည်ပါရဲ့ဗျာ။ နားလည်တဲ့အတိုင်းပဲ ဆရာတွေ အများကြီး ခန့်ကြတယ်။ ကျောင်းသားဦးရေများတော့ သူ့အချိုးနဲ့အညီ ဆရာဦးရေကို တိုးခန့်ကြတာ။ ဘာဆရာဖြစ် သင်တန်းမှ တက်စရာမလိုဘူး။ ဘွဲ့ရရင် မူလတန်းပြ ဆရာတန်းဖြစ်။ ဒီနေ့ခန့် ဒီနေ့ စာသင်ခန်းထဲ ၀င်သင်ခိုင်းတော့တာပဲ။ ဘယ်သင်နည်းပုံစံမှမသိလည်း ဆရာ တန်းဖြစ်တာပဲ။ တချို့က ဆရာသာဖြစ် နေတာ၊ ဘယ်ဆရာဖြစ်သင်တန်းမှ မတက်ရသေးတဲ့ ဆရာတွေ အများကြီး။ အရင်တုန်းကတော့ ဆရာဖြစ်သင်တန်း တနှစ်ဆင်းပြီးမှ ကျောင်းဆရာခန့်ကြတာ။ ခုတော့ … ကျောင်းဆရာခန့်ပြီးမှ တနှစ်၊ နှစ်နှစ်နေပြီး ဆရာဖြစ်သင်တန်း တက်ခွင့်ရတယ်။ ဆရာဖြစ်သင်တန်းကလည်း တက်ချင်တိုင်းတက်လို့မရဘူးလေ။ သင်တန်းကျောင်းကနည်းတော့ ဦးရေ အကန့်အသတ်နဲ့ပဲ ခေါ်တာ။
အဲဒီတော့ ကျောင်းဆရာတွေထဲမှာ (နောက်ပိုင်းအလုပ်ဝင်တဲ့သူတွေ) ကျောင်းဆရာဖြစ်ဖို့ထက် အလုပ်ရဖို့က ပိုအရေးကြီး တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းဆရာလောကထဲကို ရောက်လာတဲ့သူတွေက ပိုများတယ်။ ဘွဲ့ရပြီး ဘာအလုပ်အကိုင်မှ မရှိ … ဒီအတိုင်းထိုင်နေလို့ကလည်း မဖြစ်။ ရရာအလုပ် ၀င်လုပ် ဆိုတော့ ပေါပေါလောလောရတဲ့အလုပ်က ကျောင်းဆရာ ဆိုတော့ ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက် အလုပ်ရရင် ပြီးရောဆိုပြီး ၀င်လုပ်လိုက်ကြတော့တာပဲ။ ကဲ … ခက်ဘူးလားဗျာ။ သူ ပြောတာကို ကျုပ်သိနေတယ် … တကယ်တော့ သူ့ရင်ထဲက ပြောချင်တာတွေကို ကျုပ်သိနေတယ်။ ကျုပ်တို့ တင်သွင်း ထားတဲ့ စာတမ်းဟာ ယုတ္တိမတန်ဘူးဆိုတာ။
(၅)
မလာစဖူးရောက်လာတဲ့ မိတ်ဆွေဟောင်းတဦးရဲ့စကားကို သူ သေသေချာချာ နားထောင်နေတယ်။ မိတ်ဆွေဟောင်း တဦးက ၀န်ထမ်းဘ၀က စောစောစီးစီး အနားယူလိုက်ပြီး အပြင်မှာ ဘော်ဒါဆောင်ဖွင့်၊ နေ့ည သင်တန်းတွေနဲ့ အတော့်ကို အလုပ်ဖြစ်နေတယ်။ သူ့မိတ်ဆွေက နောက်ထပ်ကျောင်းသား ဘော်ဒါဆောင်တခု ထပ်ထောင်ပြီး သူ့ကို အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူဖို့၊ အကျိုးအမြတ်အတွက် ရာခိုင်နှုန်းအလိုက် ခံစားရမှာဖြစ်ကြောင်း သိမ်းသွင်းစည်းရုံးနေတယ်။
`ကျောင်းသားမကုန်ရင် နားပေါက်မကုန်ဘူးဗျ၊ ကျောင်းသားတွေရှိနေသရွေ့ ကျုပ်တို့လုပ်ငန်းက ဘယ်တော့မှ မတိမ်ကောဘူး´
ဒီလိုပြောလိုက်တဲ့စကားကို သူလက်ခံဖို့ခက်နေတယ်၊ သူ ဒါတွေကို စိတ်ကုန်နေတာတော့ တကယ်ပါပဲ။
`အေးဗျာ .. ကျုပ်လည်း အသက်ကြီးလာတော့ ဘုရားတရားဘက်ပဲ အာရုံရှိလာတယ်။ ပညာရေးကို စိတ်ကုန်နေပြီ၊ နိုင်ငံတကာ ပညာရေးဆွေးနွေးပွဲတွေတက်တုန်းက တက်တက်ကြွကြွရှိခဲ့ပေမယ့် ကိုယ့်နိုင်ငံ ကိုယ်ပြန်ရောက်တော့ ပြောင်းပြန်တွေဖြစ်နေတယ်၊ ခင်ဗျားလည်း သိသားနဲ့ဗျာ´
`ခင်ဗျားက နိုင်ငံခြားပြန်ဆိုပြီး တော်တော်ကြောင်တဲ့လူပဲ။ ဒီလိုသာ လျှောက်စဉ်းစားနေရင် ငတ်သေဖို့ပဲရှိတယ်။ ဟောဒီလောကမှာ ငွေသာအဓိက မဟုတ်လား´
`အဲဒီငွေကြောင့် အားလုံးဒုက္ခရောက်နေတာပေါ့။ ငွေဟာ မရဏဇိမ်ခံပစ္စည်းပဲဗျ။ ခုခေတ်ကျောင်းသားတွေက စာမကျက် ကြတော့ဘူး။ ငွေနဲ့ ပညာကို ၀ယ်လို့ရတယ်ဆိုပြီး ခပ်ပေါ့ပေါ့တွေ ဖြစ်ကုန်တယ်။ စာမေးပွဲတွေလည်း ခိုးချ။ မအောင်ရင် ငွေနဲ့လိုက်မယ်။ ကျုပ်တို့ဆရာလောကကလည်း ပျက်စီးနေပါပြီ။ ဘာမှ အဖတ်ဆည်လို့မရတော့ဘူး။
`ဒါကြောင့် အပြင်ဘော်ဒါဆောင်တွေ ခေတ်စားလာတာပေါ့။ ကျောင်းတွေ စာကို ဟုတ်တိပတ်တိ မသင်ကြတော့ဘူး။ ဆရာတွေက ကျူရှင်ဖွင့်တယ်။ ကျောင်းမှာ စာမသင်တာကလည်း သူတို့လစာနဲ့ မလောက်တော့ သူတို့ကိုလည်း အပြစ် ပြောလို့မရဘူးလေ။ ၀န်ထမ်းကျောင်းဆရာတွေက ကျူရှင်ကျတော့လည်း တရားဝင်ဖွင့်ခွင့် မရလေတော့ တိတ်တိတ်ပုန်း ၀ိုင်းကျူရှင်ပေးရတာကိုး။ ကျုပ်ကတော့ ၀န်ထမ်းဘ၀ကထွက်လိုက်ပြီး ကိုယ်လို ၀ါသနာတူဆရာတွေစုစည်းပြီး ဘော်ဒါဆောင် ထောင်ထားလိုက်တယ်။ ကျောင်းသားတယောက်ကို (၁၂) သိန်း အစစအရာရာ တာဝန်ယူလိုက်တယ်။ ဆယ်တန်းအောင်စာရင်း ကိစ္စကအစ ဂုဏ်ထူးထွက်တဲ့အထိပေါ့။ ဒါမှ ကိုယ့်ကြောင့် အောင်မြင်တော့ ကိုယ့်ကျောင်း ပါအောင်မြင် နာမည်ရတာပေါ့။ လူများများဝင်လေ ကိုယ့်အတွက် ၀င်ငွေပိုကောင်းလေ´
မိတ်ဆွေဟောင်းရဲ့ စကားဟာ အမှန်တွေပြောနေသလိုပဲလို့ သူတွေးမိတယ်။ သြော် … သူတို့လည်း ငါ့ဝမ်းပူဆာ မနေသာ ဆိုသလိုပဲနော်။ သူ့ရင်ထဲ ရှိသမျှတွေကိုတော့ သူပြောချလိုက်တယ်။
`ခင်ဗျားတို့ ခုသင်နေရတဲ့ သိပ္ပံတွဲက အင်္ဂလိပ်လိုဆိုတော့ ကလေးတွေ ဒုက္ခမရောက်ဘူးလား။ ဗမာလိုသင်ရတာမှ သဘောပေါက်ဦးမယ်´
`နားမလည်တာကတော့ နားမလည်ဘူးဗျ … ဗမာလိုသင်ရရင် သဘောတရားခေါင်းထဲရောက်တယ်။ အင်္ဂလိပ်လိုသင် ရတော့ သဘောတရားအပြည့်မရဘူး။ ကြားခံဘာသာစကား အင်္ဂလိပ်စာအခက်အခဲကြောင့် အဓိကအကြောင်းအရာ ပျောက်သွားတာပေါ့။ အင်္ဂလိပ်စာကို ကလေးတွေ သိပ်ကြောက်ကြတယ် မဟုတ်လား။ အင်္ဂလိပ်လို အလွတ်ရအောင်တိုင်ပေး … နောက်က လိုက်ဆိုခိုင်း။ ဘာသာရဲ့ အရင်းခံဇစ်မြစ် သဘောတရားကိုနားလည်ဖို့ အရေးမကြီးဘူး။ စာမေးပွဲအောင်ဖို့ အဓိကမဟုတ်လား။ ရှင်းရှင်းပြောရရင် ကျက်စာပေးမှ တပည့်က အထင်ကြီးတာ´
`ပညာရေးစနစ်က ဒီလောက်တောင် ဆိုးဝါးနေပါလား။ ထမင်းဟင်းရှိတာတောင် လက်ဆေးပြီး ခူးခပ်မစားချင်တော့ဘဲ ၀ါးခွံ့ရတဲ့ အဆင့်ရောက်နေပါလား´
`အေးပေါ့ဗျာ … ခင်ဗျားသွားခဲ့ဖူးတဲ့ နိုင်ငံတွေရဲ့ ပညာရေးစနစ်နဲ့ မတိုင်းတာနဲ့ပေါ့။ ခင်ဗျားလေ့လာခဲ့တဲ့ ပညာရေးစနစ်ကို ဒီမှာ အသုံးချလို့မရဘူး … ကိုယ့်လူ´
`ခင်ဗျားဥစ္စာက အလွတ်ကျက်၊ တတ်တတ် မတတ်တတ် ဂုဏ်ထူးထွက် ပညာရေးစနစ်လား။ ငယ်ငယ်က အဖြစ်ကို သွားသတိရတယ်။ ကိုရင်ဝတ်ခါနီး သင်္ကန်းတောင်းကျက်ရသလို ဖြစ်နေပြီ။ ကိုရင်မ၀တ်ခင်တော့ သင်္ကန်းတောင်းကို နှုတ်တိုက်ကျက်ထားတော့ ရတယ်။ ပါဋ္ဌိလိုကျက် … ဗမာလို အဓိပ္ပာယ် သိသိ မသိသိ ကျက်ရတာပဲ။ ကျက်လို့ရတော့ ကိုရင်ဝတ်လို့ရ။ ကိုရင်လည်းထွက်ရော သင်္ကန်းတောင်းတွေလည်း မေ့ရော ဖြစ်နေပြီ´
သူတို့နှစ်ဦးဆွေးနွေးတာဟာ ပညာရေးဆွေးနွေးပွဲတခုလုပ်နေသလိုပါပဲ။ သူ့ရဲ့စာကြည့်ခန်းက ပညာရေးနဲ့ ပတ်သက်တဲ့ နိုင်ငံခြားစာအုပ်တွေဟာ သူတို့ဦးခေါင်းတွေကို ၀င်ဆောင့်ကုန်ပါရော။ စာကြည့်စားပွဲပေါ်က ကမ္ဘာလုံးကြီး သူတို့နှစ်ယောက် ကို စိုက်ကြည့်လို့။ တခါတခါ ပြတင်းပေါက်က လေခပ်သွေ့သွေ့ ၀င်လာတယ်။ ခြံထဲက ခွေးဝဲစားကြီးတကောင်ဟာ သစ်ပင် ရိပ်ကလေးမှာ မှိန်းလို့။ နေကတော့ အတော့်ကို ပူနေတာပါပဲ …။
(၆)
အဲဒါက ထိုင်းမှာတွေ့ကြုံခဲ့ရတာ။ မလေးရှားရောက်တော့ ရှစ်တန်းကျောင်းသူတွေက ကျောင်းမှာ သူတို့ ကိုယ်တိုင် ရွေဘော်ထိုးနေတာ။ ကျောင်းမှာလည်း အသက်မွေးဝမ်းကျောင်းလည်း တခါတည်း သင်ပေး နေတာ။ နောက်တနိုင်ငံကို ကျုပ်တို့ရောက်တော့လည်း အံ့သြစရာဗျာ။ သူတို့ဆီမှာက အလွတ်ကျက် ရတာ မဟုတ်ဘူး။ ဆရာကချည်းသင် တပည့်ကနားထောင်ပြီး လိုက်ရေးရတာ မဟုတ်ဘူး၊ အပြန်အလှန် ဆွေးနွေးတာ။ သူတို့ဆီမှာက (Child Center) ။ တပည့်က ပြန်ဆွေးနွေး၊ ဆရာနဲ့ဆွေးနွေးရင်း ကျောင်းသားဆီက ဉာဏ်ရည်ကို တိုးတက်အောင် လုပ်ပေးတာဗျ။ ဟိုဟာက ဒီလိုတော့ မဖြစ်နိုင်ဘူးလားလို့ စောဒက တက်ခွင့်ရှိတယ်။ မေးခွင့်ရှိတယ်။ မဟုတ်ရင် မဟုတ်တဲ့အကြောင်း ဟုတ်ရင် ဟုတ်တဲ့အကြောင်း ဆရာက ပြန်ရှင်းပြတယ်။ သဘောတရားရေးရာမှာ အတွေးအမြင်တွေကို ကလေးတွေဆီက စစ်ထုတ် ယူတာဗျ။ အဲဒီလိုဆွေးနွေးတော့ ဉာဏ်ရည်ပိုတက်တာပေါ့ဗျ။ ခိုင်းတဲ့အတိုင်း တသွေမတိမ်း ကျက်နေတာက သူတို့ တကယ့်ဉာဏ်ရည် ဘယ်ရှိလာတော့မလဲ။
ကျုပ်တို့နိုင်ငံကို နိုင်ငံခြားက ပညာရေးသုတေသနအဖွဲ့တွေ လာလေ့လာရင် (Teacher Center) နဲ့ သင်တာလား (Child Center) နဲ့ သင်တာလားဆိုတာ မစစ်ဆေးရဘဲ စာသင်ခန်းအနေအထားကို ကြည့်လိုက်တာနဲ့ တန်းသိကြတယ်။ သူတို့က စာသင်ခန်းရဲ့ ထိုင်ခုံတွေကိုကြည့်ပြီး တန်းပြောလိုက်တာက `ခင်ဗျားတို့ဆီမှာ (Teacher Center) ပဲ သင်နေတာလား´တဲ့။ ဟုတ်တယ်လေ … ကျောက်သင်ပုန်းဘက်ကို ကျောင်းသားထိုင်ခုံတွေ မျက်နှာချင်းဆိုင် ထားတာကို ကြည့်ပြီးပြောတာ။ သူတို့ဆီမှာ ကျောင်းသားထိုင်ခုံ တွေဟာ ဆရာဘက်ကို လှည့်လို့ရတယ်။ ကျောင်းသားအချင်းချင်း ဆွေးနွေးတိုင်ပင်ဖို့ နောက်ကို လှည့်လို့ ရအောင်လည်း လုပ်ထားတယ်။
နောက်ပြီး ဆရာစာသင်နေရင် နောက်ကနေရပ်ပြီး အကဲဖြတ်စစ်ဆေးနေတဲ့ ဆရာတွေရှိတယ်။ အဲဒီဆရာတွေက
တကယ့်ဝါရင့်ဆရာကြီးတွေ။ စာသင်တဲ့ဆရာဟာ သင်ကြားရေးလိုအပ်နေသေးရင် အဲဒီဆရာကို ဆရာဖြစ်သင်တန်း ထပ်တက်ခိုင်းတယ်။ သင်တန်းတက်ပြီးသား ဖြစ်နေပေမယ့် ထပ်တက်ခိုင်းတာပဲ။ အင်္ဂလန်မှာ ကျောင်းသားတွေကို နှစ်စကတည်းက မေးခွန်း (၃) စုံ ပေးထားတာ။ စာမေးပွဲဖြေတဲ့အခါ ကျောင်းသားက ကြိုက်တဲ့မေးခွန်းကို ဖြေလို့ရတယ်။ မေးခွန်းကလည်း သင်ရိုးမလွတ်အောင် ခြုံပြီးမေးထားတာ။ မေးခွန်းပေါက်တာတို့ မေးခွန်းရောင်းစားတာတို့ ခန့်မှန်းမေးခွန်းတို့ မရှိတော့ဘူးပေါ့၊ အလုပ်မရှုပ်တော့ဘူးပေါ့။ ကျုပ်တို့ဆီမှာ မေးခွန်းထုတ်တာက တယောက်၊ အဖြေလွှာ စစ်တာက တယောက်၊ သင်တဲ့ဆရာက တယောက်ဖြစ်နေတယ်။ သူတို့ဆီက သင်ရိုးညွှန်းတမ်းနဲ့ ကျုပ်တို့ဆီက သင်ရိုးညွှန်းတမ်း ပြဌာန်းတာတွေ မတူဘူး။ ပြောင်းပြန်တွေ ဖြစ်နေတယ်။ သူတို့ဆီမှာ ကျောင်းတကျောင်းရဲ့ ကျောင်းအုပ်ဟာ ပါမောက္ခပဲ။ ကိုယ့်ဒေသနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းကို သူတို့ကိုယ်တိုင် ပြဌာန်းရေးဆွဲတယ်။ ဒါကြောင့် တနယ်နဲ့တနယ် သင်ရိုးညွှန်းတမ်းချင်း မတူဘူး။ ကျုပ်တို့ဆီမှာက တပြည်လုံး ဒီသင်ရိုးညွှန်းတမ်းပဲ။ `၀ါဆို
ဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်´ကဗျာကို ချင်းပြည်နယ်က ကျောင်းသားတွေနဲ့ဆိုတော့ တခြားဆီဖြစ်နေပြီ။ `သပြေသီး´ကဗျာက ချင်းတောင်နဲ့ ဘယ်အပ်စပ်မလဲ။ ချင်းပြည်နယ်ထွက် ပန်းသီးကို သင်ရိုးညွှန်းတမ်းထဲ ထည့်ဆွဲမှ သူတို့ပတ်ဝန်းကျင်ဒေသနဲ့ လိုက်ဖက်မယ်။ ဟုတ်တယ် မဟုတ်လား။
သူတို့ဆီမှာ နိုင်ငံခြားတိုင်းတပါးယဉ်ကျေးမှု စိမ့်မ၀င်လာအောင် သင်ရိုးညွှန်းတမ်းနဲ့ ထိန်းထားတယ်။ ကျုပ်တို့ဆီမှာက အချိန်ကုန်မခံတာ။ သိတဲ့လူတွေကလည်း မပြောကြဘူး။ ကျုပ်တို့ဆီမှာက မိဘတွေ ကိုယ်တိုင်၊ ဆရာ ဆရာမတွေလည်း ပါတာပါပဲဗျာ။ ကိုယ့်ကလေးကို ဆရာဝန်ကြီးဖြစ်ရမယ်ဆိုတဲ့ အစွဲလေ။ ဆရာဝန်ဖြစ်တိုင်းကော ချမ်းသာမှာတဲ့လား။ ချမ်းသာတဲ့လူတိုင်းကော ဆရာဝန်ဖြစ်မှာတဲ့လား။ ခုခေတ်က ဘာမှ အရည်အချင်းမရှိလည်း အောင်နေတာ။ ပိုက်ဆံနဲ့
ပေးဝယ်ရင် ပညာကိုရတယ်ဆိုတဲ့ အကျင့်ဆိုးတွေ လူတွေစိတ်ထဲမှာ စွဲနေပြီ။ သေရာပါ ဒဏ်ရာလိုဖြစ်နေပြီ။ တပည့်တိုင်း အားလုံးအောင်ရမယ်ဆိုတာ မဖြစ်နိုင် ဘူးလေ။ ဆရာကတော့ ကိုယ့်တပည့်ကို အောင်စေချင်တာပေါ့။ အရည်အချင်း တကယ်ရှိမှ အအောင် ပေးသင့်တာပေါ့။ တနိုင်ငံလုံး ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေချည်း ဖြစ်နေရင် တံမြက်စည်း လှည်းတဲ့သူတို့ နို့အေးချောင်းရောင်းတဲ့သူတို့ အိမ်သာကြွင်းတူးတဲ့သူတို့ မရှိရတော့ဘူးလား။ ကျုပ်ပြောတာ မဟုတ်ဘူးလား။ ညံ့တဲ့သူဟာ ညံ့တဲ့အလျောက် တော်တဲ့သူဟာ တော်တဲ့အလျောက် သူ့အိုးသူ့ဆန်နဲ့တော့ ဖြစ်နေရမှာပေါ့။ `ပညာရွှေအိုး လူမခိုး´ဆိုတာ မဟုတ်တော့ဘူး၊ ပညာရွှေအိုး လူခိုးလို့ရနေပြီ။
ကျုပ်လွမ်းတယ်ဗျာ … ၀မ်းနည်းပက်လက်ကို … လွမ်းမိတယ်။
(၇)
နေကတော့ အတော့်ကို ပူနေတာပါပဲ …။
ပညာရေးအငြိမ်းစား နိုင်ငံခြားပြန်တယောက်နဲ့ မိတ်ဆွေဟောင်းတို့ စကားလုံးတွေဟာ အဲဒီအခန်းလေးထဲမှာ ပြည့်သိပ် မွန်းကျပ်နေတယ်။ ထွေရာလေးပါးပြောနေကြပေမယ့် တယောက်နဲ့ တယောက်ဟာ အမြင်ချင်း ဖီလာဆန့်ကျင်နေတယ်။ တကယ်တော့ သူဟာ အထီးကျန်လူတယောက်ဖြစ်နေတာကို သူကိုယ်တိုင်သိခဲ့တာ ကြာခဲ့ပါပြီ။ သူ့အသိပညာတွေကို သူ့ခေါင်းထဲက မေ့ပျောက်ပစ်ဖို့ကလည်း မလွယ်တဲ့ကိစ္စ မဟုတ်လား။ နောက်ပြီး တခြားသူမှာ အရိုးစွဲနေတဲ့ အသိတရား ကိုလည်း မေ့ပစ်ပါလို့ တိုက်တွန်းလို့လည်း မလွယ်တဲ့ကိစ္စဖြစ်နေတယ်။ သူလိုလူတွေလည်း ရှိချင်လည်းရှိပါပေါ့။ ဒါပေမယ့် သူရင်းနှီးကျွမ်းဝင်တဲ့ အသိုင်းအ၀ိုင်းမှာတော့ သူ့အတွေးနဲ့ တခြားစီဖြစ်နေတယ်။
`ကဲ … စကားပြောရတာ ကောင်းတယ်ဗျာ။ အမြင်ချင်းမတူတာတွေတော့ ကိုယ့်ရဲ့ သီးခြားယူဆချက်တွေပဲ။ ကျုပ်ဘော်ဒါဆောင်တွေအတွက် တီဗွီမှာ ကြော်ငြာထည့်ဖို့ကိစ္စ သွားလှုပ်ရှားလိုက်ဦးမယ်။ ဂုဏ်ထူးတန်း စာတမ်းတင်ဖို့ ကျောင်းသားငါးယောက် လက်ခံထားတယ်။ သမိုင်းစာတမ်းပါ။ တယောက်ကို (၃) သိန်းနဲ့။ ကျုပ်ဒါတွေလုပ်နေတာ (၁၀) နှစ်လောက်ရှိပြီ´
`MA တက်တဲ့သူတွေက သူတို့ဖာသာရေးပြီး စာတမ်းမတင်ကြဘူးလား´
`ဟင့်အင်း … သူတို့ကိုယ်တိုင်ရေးရမှာ ပျင်းလို့လား၊ မရေးတတ်လို့လား မသိပါဘူးဗျာ။ ကျုပ်ကလည်း ပွဲစားလေ၊ ဒီ့ပြင်ဆရာတွေ ပြန်ခိုင်းတာ၊ လွယ်ပါတယ်။ ရတဲ့ပိုက်ဆံ ခွဲယူကြတာပေါ့။ စာတမ်းက ဗမာလိုတင်ရတာ မဟုတ်ဘူးဗျ။ အင်္ဂလိပ်လိုရေးတင်ရတာဆိုတော့ သူတို့ဘယ်လိုလုပ် ရေးတတ်မှာလဲ။ နောက်ထပ်ဘော်ဒါဆောင်တခုထပ်ဖွင့်ဖို့ ခင်ဗျားကို အုပ်ချုပ်ရေးမှူးခန့်ဖို့ကိစ္စနဲ့ ကျုပ်လာတာ။ ခင်ဗျားလည်း စဉ်းစားထားပေါ့ဗျာ။ သိပ်လည်း အတွေးခေါင်မနေနဲ့ဦး။ နောက် တပတ်လောက်နေရင် ကျုပ် ခင်ဗျားဆီ ပြန်လာမယ် … ကဲ … ကျုပ်သွားတော့မယ်´
ပြောပြောဆိုဆိုနဲ့ သူ့မိတ်ဆွေဟာ စာရွက်စာတမ်းတွေ တပွေ့တပိုက်ကြီးနဲ့ ထွက်သွားတာကို သူငေးကြည့်နေတယ်။ သူ့ မိတ်ဆွေရဲ့ နောက်ကျောပြင်ကိုကြည့်ရင်း သူ့မိတ်ဆွေကိုယ်စား သူ ရှက်နေမိတယ်။ သူက သူ့မိတ်ဆွေရင်ထဲ ၀င်ကြည့်ရင် ဘာတွေခံစားရမလဲ။ သူ့မိတ်ဆွေကရော သူ့ရင်ထဲဝင်ကြည့်ရင် ဘာတွေခံစားရမလဲ။ တခုခုဟာ တခုခုကြောင့်ပဲ ဖြစ်မယ်။
စာကြည့်စားပွဲကို သူသွားပြီး စာအုပ်တအုပ်ကို ယူလိုက်တယ်။ စာအုပ်ရဲ့ မာတိကာကို လှန်လိုက်ရင်း စာကြည့်စားပွဲပေါ်က ကမ္ဘာလုံးကြီးကို သူကြည့်လိုက်တယ်။ သူ့ကိုယ်သူ စိတ်မလုံသလိုဖြစ်သွားတယ်။ ကမ္ဘာလုံးကြီးက သူ့ကို စိုက်ကြည့်နေသလို သူခံစားရတယ်။ သူ့လက်က အေးစက်တဲ့ သတ္တုတခု အပေါ် ရောက်သွားတယ်။
အခန်းထဲက ကမ္ဘာလုံးကြီးကတော့ တည်တည်ငြိမ်ငြိမ် …။
ကမ္ဘာကြီးကိုသူမျက်နှာပူသလိုလိုပဲ…။ ။
No comments:
Post a Comment